“တဖြည်းဖြည်းဆိုးလာတဲ့ ဝူဟန်ဗိုင်းရပ်စ်ကိုကာကွယ်ဖို့ ဂါထာတစ်ပုဒ်မျှဝေလိုက်တဲ့ကိုပေါက်”

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခပ်မိုက်မိုက်ကာရိုက်တာတွေကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သူကိုပေါက်ကတော့ လက်ရှိအချိန်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့အောင်မြင်မှု ရရှိနေသူတစ်ယောက်ပါ။ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး သူနောက်ဆုံးရိုက်ကူးထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း အကယ်ဒမီဆန်ခါတင်စာရင်းဝင်လာတဲ့အထိ အောင်မြင်မှုရရှိလာတဲ့အပြင် လွတ်တော်(၄)နှစ်ပြည့်အခမ်းအနားမှာလည်း နိုင်ငံတော်အကြီးအကဲတွေကို ပြသခွင့်ရခဲ့ပါသေးတယ်။

ပရိသတ်တွေအတွက် ကောင်းတာလေးတွေအမြဲမျှဝေပေးလေ့ရှိတဲ့ကိုပေါက်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့လည်း လုပ်သင့်တာလေးတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ကော်ရိုနာဗိုင်းရပ်စ်ကတော့ တရုတ်နိုင်ငံ၊ဝူဟန်မြို့မှာ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး ဒီနေ့(၂၄.၂.၂၀၂၀) နေ့လည်(၂)နာရီအချိန်ထိ သတင်းများအရ နိုင်ငံပေါင်း(၃၄)နိုင်ငံမှာ ကူးစက်ခံရနေရပြီး လူဦးရေ(၂၆၁၉)ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ကူးစက်ခံရတဲ့နိုင်ငံတွေ တဖြည်းဖြည်းများလာတာနဲ့အမျှ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုလည်း တဖြည်းဖြည်းကြောက်လာကြတာဖြစ်ပြီး ကာကွယ်ဖို့နည်းလမ်းပေါင်းစုံမျှဝေလာကြတာပါ။ကိုပေါက်ကတော့ ဗုဒ္ဓဘာသာအယူအဆအရ ကပ်ဘေးတွေကိုကျော်လွှားနိုင်ဖို့အတွက် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ကြဖို့ အသိပေးစကားဆိုခဲ့တာဖြစ်ပါတယ်။

ဓာရဏပရိတ်တော်ကတော့ ရောဂါဘယ ဘေးအန္တရာယ်တွေမဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်းရှိတယ်လို့ မြတ်စွာဘုရားဟောကြားခဲ့တဲ့အတိုင်း ကိုပေါက်ကတော့ “ဓာရဏပရိတ်လေးကို များများရွတ်စေချင်ပါတယ်ဗျ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်တာမို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ နည်းလမ်းတွေသာမက ဘာသာရေးအယူအဆအနေနဲ့လည်း ဗုဒ္ဓဘာသာဝင်တိုင်း ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ပွားများနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။


Source – Aung Min Naing
Rainbow- Cele Gabar

x