ဒီရောဂါဖြစ်ကတည်းက သွေးရူးသွေးတန်းနဲ့လျှောက်လုပ်နေမိတယ်ဆိုတဲ့ ကိုပေါက်

ကိုပေါက်ကတော့ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူဖြစ်ပြီး အခုအချိန်မှာဆိုရင်တော့ ဒါရိုက်တာတစ်ယောက်အနေနဲ့အဓိကရပ်တည်လာသူတစ်ယောက်ပါ။ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး မကြာသေးခင်ကမှရုံတင်ပြသခဲ့တဲ့ ရိုးမပေါ်ကျတဲ့မျက်ရည်ဇာတ်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့ပါသေးတယ်။ လတ်တလောမှာတော့ အပျိုရောင်ည ဇာတ်ကားကြီးကိုရိုက်ကူးနေပြီး လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ရိုက်ကူးရေးတွေ ရပ်နားလိုက်တာဖြစ်ပါတယ်။ ဇနီးချောလေးနဲ့ သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်ဖို့ကောင်းတဲ့သားလေးနှစ်ယောက်လည်း ထွန်းကားခဲ့ပြီဖြစ်ပါတယ်။

ရိုက်ကူးရေးတွေရပ်နားထားပြီး အိမ်မှာပဲနေဖြစ်နေတဲ့ ကိုပေါက်ကတော့ Covid-19 ဖြစ်ပြီးကတည်းက သွေးရူးသွေးတန်းနဲ့ လူတွေပြောသမျှလိုက်လုပ်နေမိတဲ့အကြောင်းကို မျှဝေပေးခဲ့ပါတယ်။ ” ကြည့်လဲ လုပ်ကြပါအုံးကွာ…. သံပုရာသီးနဲ့ ဆားပြုတ်ရေဆိုတော့လည်းအရင်ဆုံးသောက်မိတာက ကိုယ်။မောင်လေးရေ မောင်လေး တမာရွက်.. တမာရွက်ဆိုတော့လည်း အဦးဆုံး တို့စားပြုတ်စားမိတာက ကိုယ်။အခု လာပြန်ပြီ  စပျစ်သီးတဲ့။မိန်းမရေ ဝယ်လိုက်ဦးလို့ အိပ်နေတဲ့မိန်းမကို အစောကြီးနှိုးပြောမိတာက ကိုယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ဘာတွေဖြစ်နေမှန်းကိုမသိပါဘူး။သွေးရူးသွေးတန်းကို ဖြစ်လို့။နောက်ထပ်ဘာအသီး ဘာအရွက်တွေများထပ်စား ထပ်သောက်ရအုံးမလဲမသိ” ဆိုပြီး သူ့ရဲ့အတွေ့အကြုံတွေကို မျှဝေပေးခဲ့ပါတယ်။

လတ်တလော လူမှုကွန်ရက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဖို့အတွက် ကောင်းနိုးရာရာနည်းလမ်းပေါင်းစုံကို မျှဝေပေးလျက်ရှိပြီး ယုံကြည်သူတွေလည်း လိုက်နာပြီးလုပ်နေပါတယ်။ ကာကွယ်ဆေးမပေါ်သေးတဲ့အနေအထားမှာ အဆင်ပြေမယ့်နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကာကွယ်နေတဲ့အထဲမှာတော့ ပရိသတ်ရဲ့အချစ်တော်ကိုပေါက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဒီမနက်မှာလည်း စပျစ်သီးစားရမယ်ဆိုတာနဲ့ အိပ်ပျော်နေတဲ့မိန်းမကိုနှိုးပြီး မိန်းမရေဝယ်လိုက်ဦးလို့ သွေးရူးသွေးတန်းနဲ့ပြောမိတယ်ဆိုတဲ့အကြောင်းကို ပရိသတ်ကြီးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးထဲမှာရော ကိုပေါက်နဲ့အဖြစ်ချင်းတူတဲ့သူတွေရှိလား။


Source – Aung Min Naing
Rainbow- Cele Gabar

x