စားဝတ်နေရေးကပ်ဘေးကိုပါ ရင်ဆိုင်နေရတဲ့ နွမ်းပါးပြည်သူတွေရှိတဲ့ ရွာလေးကို သွားရောက်လှူဒါန်းရင်းမျက်ရည်လည်ခဲ့ရတဲ့ ခင်သဇင်

ဧပြီလ (၇)ရက်နေ့ က Covid-19 ရောဂါကြောင့် အခက်အခဲဖြစ်နေတဲ့ နွမ်းပါးပြည်သူတွေ အတွက် သန်လျင်မြို့ထားမလုံကျေးရွာကို ပရဟိတမင်းသမီးလေး ခင်သဇင်က ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ် ။ မင်းသမီးချောလေး ခင်သဇင်ကတော့ ပရိသတ်တွေသိပြီး ဖြစ်တဲ့အတိုင်း ဟာသ သရုပ်ဆောင် မကစ်ကစ်ကို ရောဂါဖြစ်ပြီး အိပ်ရာထဲလဲနေချိန်ကစပြီး ကွယ်လွန်သွားတဲ့အထိ သွေးမတော်သားမစပ်ပါဘဲ ကိစ္စအ၀၀ကို တာဝန်ယူကူညီပေးခဲ့တဲ့ တကယ်ကို စိတ်ထားကောင်းတဲ့ ပရဟိတမင်းသမီးလေးပါ ။

ဒီအလှူလေးကတော့ ခင်သဇင်နဲ့အတူ လက်ရှိမဟာ ရုပ်သံမှာရိုက်ကူးနေတဲ့ မနေ့ကလိုပဲ သူငယ်ချင်းဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာပါဝင်တဲ့ ရှုတင်အဖွဲ့သားတွေနဲ့အတူ လှူဒါန်းဖြစ်ခဲ့တာဖြစ်ပါတယ် ။ သွားရောက်လှူဒါန်းခဲ့တဲ့ ထားမလုံကျေးရွာလေးမှာ အိမ်ခြေ (၁၅၀) လောက်သာရှိပြီး စားဝတ်နေရေးအတွက် ပန်းရံ ၊ ဆိုင်ကယ် ကယ်ရီ ၊ ဆိုက်ကားဆရာ ၊ စက်ရုံလုပ်သား ၊ ကုန်ရောင်းကုန်ဝယ် ၊ စည်ပင်ဝန်ထမ်းတွေ အစရှိသဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အိမ်တစ်အိမ်မှာ မိသားစုဝင် အနည်းဆုံး (၆) ယောက် (၇) ယောက်ရှိကြပါတယ် ။ အလှူအတွက် သန်လျင်ကိုရောက်တဲ့အခါမှာလည်း တကယ်ကို လိုအပ်နေတဲ့ လက်လုပ်လက်စား နွမ်းပါးပြည်သူတွေရဲ့ဘဝကို ကိုယ်တွေ့မြင်ခဲ့ရပြီး မျက်ရည်တွေနဲ့အတူ မြန်မာနိုင်ငံမှာ တကယ်လိုအပ်နေတဲ့သူတွေအများကြီးရှိလို့ များများလှူပေးကြဖို့ကို အများပြည်သူကိုတိုက်တွန်းစကားဆိုခဲ့ပါသေးတယ် ။

အဝေးကြီးကိုသွားလှူရတာ ပင်ပန်းပေမယ့်လည်း ပင်ပန်းတယ်လို့တောင်မထင်ရဘဲ လှူရတာတောင် အားမရဘဲ ဖြစ်နိုင်ရင် ဒီလိုနေရာတွေကို အများကြီး သွားလှူချင်ပါတယ်လို့ ခင်သဇင်က သူမရဲ့ ဆန္ဒလေးကို ပရိသတ်တွေကို ထုတ်ဖော်ပြောပြခဲ့ပါသေးတယ် ။ ကိုယ့်နိုင်ငံမှာ ပညာမတတ်တဲ့သူ ၊ ချို့တဲ့ တဲ့သူ ၊ အလုပ်အကိုင်များစွာမရှိတဲ့သူတွေ အများကြီးဖြစ်နေတဲ့အတွက် မြန်မာနိုင်ငံသားဖြစ်တဲ့ ခင်သဇင်ကိုယ်တိုင်လည်း ကိုယ့်နိုင်ငံက ဆင်းရဲနွမ်းပါးပြည်သူတွေကို ဘယ်လိုကူညီပေးရမလဲဆိုတဲ့အတွေးဝင်လာပြီး Covid-19 အပြီးမှာလည်း နောက်ထပ် ဆင်းရဲနွမ်းပါးသူတွေကို ဘယ်လိုကူညီရမလဲဆိုတာကို အများကြီးစဉ်းစားလာမိပါတယ်တဲ့ ။ လူသားချင်းစာနာစိတ်ရှိပြီး စိတ်ထားဖြူစင်တဲ့ ခင်သဇင်တစ်ယောက် နောင်နောက်ကို စိတ်ကူးထားတဲ့အတိုင်း ဒီထက်မက လှူနိုင်တန်းနိုင်သူဖြစ်ပါစေလို့ Cele Gabar ကလည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် ။

Source : Exclusive On Cele Gabar
Emily (Cele Gabar)

x