ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်လောက်ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ကမ္ဘာလုံး စိတ်ဒုက္ခရောက်ခဲ့ရသလို မြန်မာနိုင်ငံက အနုပညာရှင်တွေကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်တွေအတွက်လည်း ဆုံးရှုံးမှုများခဲ့တဲ့ နှစ်တစ်နှစ်ပါ။ (၂၀၂၀) ခုနှစ် ကိုဗစ်ကာလအတွင်း ပရိသတ်ကိုနှုတ်ဆက်သွားကြတဲ့ အနုပညာရှင်တွေကတော့
(၁) ဦးဇင်းကိတ္ထိသာရ
ခေတ်တစ်ခေတ်ရဲ့အအောင်မြင်ခဲ့ဆုံးမင်းသားတစ်လက်လို့ဆိုရမယ့် သဘာဝမင်းသားကြီးကျော်ဟိန်းကတော့ အနုပညာလောကမှာဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေသိမ်းပိုက်ခဲ့သူဖြစ်ပေမယ့် သံသရာအရေးအတွက် (၂၀၀၈) ခုနှစ်ကစပြီး ဘုန်းကြီးဝတ်နဲ့ တရားအားထုတ်ခဲ့သူပါ။ ကျော်ဟိန်းဟာ ဦးဇင်းကိတ္ထိသာရဘဝနဲ့ သက်တော်(၇၃) နှစ်မှာပဲ သြစတေးလျနိုင်ငံ၊ ကမ်ဘာရာမြို့မှာ ပျံလွန်တော်မူခဲ့တာဖြစ်ပြီး တူဖြစ်သူဒွေးကွယ်လွန်တဲ့နေ့ (၁၃) နှစ်တိတိပြည့်တဲ့နေ့မှာ တိုက်တိုက်ဆိုင်ဆိုင် နှုတ်ဆက်သွားခဲ့တာပါ။
(၂) ဟာသသရုပ်ဆောင်မန်းဝင်း
နှစ်ပေါင်းများစွာ ဟာသလူရွှင်တော်၊ဟာသသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်ရဲ့ဘဝအမောတွေဖြေဖျောက်ပေးခဲ့တဲ့ ဦးမန်းဝင်းကတော့ (၂၀၂၀) နှစ်ဦးပိုင်းလောက်ကတည်းက ရုတ်တရက်နှလုံးရပ်ကာ ဆေးရုံတင်ခဲ့ရတဲ့အထိ ကျန်းမာရေးအခြေအနေချို့ယွင်းခဲ့တာ ဖြစ်ပြီး ဇူလိုင်လ(၁၃) ရက်နေ့မနက်မှာတော့ ပရိသတ်ကိုအပြီးအပိုင်နှုတ်ဆက်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
(၃) မီးမီးခဲ
နှစ်ပေါင်းများစွာ ပရိသတ်ပါးစပ်ဖျားမှာရေပန်းစားတဲ့ သီချင်းများစွာကို သီဆိုခဲ့သူမီးမီးခဲကတော့ ကင်ဆာရောဂါကို နှစ်ရှည်လများစွာ ခံစားခဲ့ရသူဖြစ်ပြီး အောက်တိုဘာလ(၁၆) ရက်နေ့မှာပဲ သူနေထိုင်ရာသြစတေးလျနိုင်ငံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။ မကွယ်လွန်ခင် နောက်ဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကိုယ်တော်ရှိုးပွဲတစ်ပွဲ ပြုလုပ်နိုင်ခဲ့ပြီး မီးမီးခဲရဲ့ သေဆုံးမှုဟာ သီချင်းချစ်သူတွေအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ပါတယ်။
(၄) တေးသံရှင်ရန်ပိုင်စိုး
မြန်မာသံတေးသီချင်းအဆိုတော်တစ်ယောက်ဖြစ်သူ ရန်ပိုင်စိုးကတော့ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်ကနေတဆင့် ပရိသတ်နဲ့ရင်းနှီးမှုရှိခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် မင်္ဂလာအခမ်းအနားမှူး၊ အစီအစဉ်မှူးတစ်ယောက်အဖြစ်နဲ့ နှစ်ပေါင်းများစွာ ပရိသတ်နဲ့ထိတွေ့ခဲ့သူတစ်ယောက်ပါ။ ကိုဗစ်ဒုတိယလှိုင်းမှာပဲ ပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့ အောက်တိုဘာ(၂၁) ရက်နေ့က ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။
(၄) ဦးကြည်စိုး(IC)
သရုပ်ဆောင်ဦးကြည်စိုးကတော့ မြန်မာရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားတွေမှာ ဆရာဝန်၊လုပ်ငန်းရှင် စတဲ့ဇာတ်ရုပ်တွေနဲ့ ပရိသတ်နဲ့ရင်းနှီးခဲ့သူတစ်ယောက်ပါ။ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ကိုဗစ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့တဲ့အောက်တိုဘာလ(၃၀) ရက်နေ့ သူ့အသက်(၇၂) နှစ်မှာပဲ ဆုံးပါးသွားခဲ့တာပါ။ သရုပ်ဆောင်အလုပ်သာမက အိမ်ခြံမြေသင်တန်းပို့ချသူတစ်ယောက်အနေနဲ့ပါ ဘဝကိုဖြတ်သန်းခဲ့ပါတယ်။
(၅) ဂျာရစ်
ဂျာရစ်ကတော့ မြန်မာဗွီဒီယိုဇာတ်ကားချစ်သူတွေရဲ့ အားပေးမှုအပြည့်အဝရထားတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ပါ။ နေထူးနိုင်ရဲ့ ဇာတ်ကားတွေမှာ အများဆုံးတွေ့ရသလို ဂျာရစ်မရှိတော့တာကတော့ နေထူးနိုင်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်စေခဲ့မှာ အမှန်ပါပဲ။ သူကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလ(၇) ရက်နေ့မှာပဲ အသည်းရောဂါနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး စိတ်ကောင်းရှိပြီး အများကိုကူညီတတ်သူတစ်ယောက်မို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပရိသတ်ပါ များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။
ယခုနှစ်အတွင်း ဆုံးပါးသွားကြတဲ့အနုပညာရှင်တွေထဲမှာ အချိန်တန်လို့ နှုတ်ဆက်ခဲ့ရသူတွေရှိသလို အချိန်မတန်သေးဘဲ ချစ်ရတဲ့ပရိသတ်ကို နှုတ်ဆက်ခဲ့ရသူတွေလည်း ပါဝင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူချစ်အနုပညာရှင်တွေအနေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတစ်ထောင့်တစ်နေရာမှာ အမြဲရှိနေဦးမှာကတော့ အသေအချာပါပဲ။
Rainbow- Cele Gabar