ယုန်လေးရဲ့ကူညီမှုနဲ့ နားခိုစရာအိမ်လေးရသွားပြီ ဖြစ်တဲ့ A4 ကျော်စွာ

Posted on

ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာ Free Style Rap တွေရွတ်ရင်း လူသိများလာခဲ့သူ A4ကျော်စွာကတော့ ယုန်လေးရဲ့အကူအညီနဲ့အတူ ဂီတခရီးလမ်းကိုလျှောက်လှမ်းခွင့်ရလာသူတစ်ယောက်ပါ။ ယုန်လေးနဲ့အတူ “ဝမ်းစာ” “စိတ်ကူး” သီချင်းနှစ်ပုဒ် ဖန်တီးခွင့်ရခဲ့ပြီး အခုဆိုရင် အားပေးသူပရိသတ်တချို့ပါ ရရှိလာပြီဖြစ်ပါတယ်။

မိဘမဲ့တစ်ယောက်မို့ နားခိုစရာအိမ်မရှိဘဲ အကာအကွယ်မဲ့ရပ်တည်ခဲ့ရတဲ့ ကျော်စွာကိုတော့ ယုန်လေးက အိမ်လေးတစ်လုံးရှာပေးဖို့ စဉ်းစားနေခဲ့တာ ကြာပြီဖြစ်ပြီး ဒီနေ့မှာတော့ အိမ်လေးရရှိသွားပြီဖြစ်ကြောင်း သတင်းကောင်းလေးကို ညီအစ်ကိုတွေ Live လွှင့်ပြီးမျှဝေခဲ့ပါတယ်။ အိမ်လေးကိုတော့ ယုန်လေး Brand Ambassador အဖြစ် ဆောင်ရွက်ပေးနေတဲ့ Rocker အချိုရည်မှ ငှားပေးခဲ့တာဖြစ်ပြီး အိမ်တွင်းအသုံးအဆောင်တချို့ကိုတော့ ယုန်လေးက သူကိုယ်တိုင်စီစဉ်ပေးသွားမယ့်အပြင် အဆိုတော်နိုင်းဝမ်းကိုလည်း အကူညီတောင်းခဲ့ပါတယ် ပရိသတ်ကြီးရေ…

အကာအကွယ်မဲ့ရပ်တည်ခဲ့ရတဲ့ A4 ကျော်စွာကတော့ အိမ်လေးရလို့ ဝမ်းသာနေပြီး Live လွှင့်ရင်း ညီအစ်ကိုတွေ Free style rap ရွတ်ပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါသေးတယ်။ ရည်ရွယ်ထားတာလေးကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်နိုင်လို့ ပျော်နေကြတဲ့ယုန်လေးတို့ ညီအစ်ကိုတွေနဲ့ Live လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source – Yone Lay
Rainbow- Cele Gabar