ပရိသတ်အချစ်တော် နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အလှူအတန်းတွေ အမြဲပြုလုပ်တတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း ပရိသတ်တွေသာဓုခေါ်ဆိုရမယ့် အလှူလေးတစ်ခုကို ပြုလုပ်တော့မှာဖြစ်တယ်လို့သိရပါတယ် ။
ထက်ထက်က သူမ ၁၉၉၉ ခုနစ်ကလှူခဲ့တဲ့ အလိုတော်ပြည့်ဓမ္မာစရိယတက္ကသိုလ်က အာဟာရသုခ ဆွမ်းစားကျောင်းဆောင်ကို လိုအပ်တာတချို့ ပြန်လည်ပြုပြင် လှူဒါန်းဖို့ ဒီနေ့သွားကြည့်ခဲ့တယ်လို့ သူမရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။ စလှူခဲ့တုန်းကလည်း အလုပ်တွေလုပ်လိုက် လှူလိုက်နဲ့ပဲ ကျောင်းကြီးဖြစ်ခဲ့ပြီး ယခုအခါမှာလည်း အလုပ်တွေလုပ်ရင်းနဲ့ပဲ ပြန်လည်လှူဒါန်းခွင့်ရတာမို့ အရမ်းကိုမှ ပီတိဖြစ်ရတယ် လို့ သူမရဲ့အလှူလေးအကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ် ။
နာယကချုပ်ဆရာတော်ကလည်း “ကျောင်းဒါယိကာမကြီး ဘာမှ မပူနဲ့ ဒကာမကြီးရဲ့ ဆွမ်းစားကျောင်းဆောင်မှာ သံဃာတွေဟာ အမြဲတမ်းတစ်နေ့ ၂ ကြိမ် ဝေနေယျသတ္တဝါတွေ ပစ္စည်းလေးပါးဒါယကာ ဒါယိကာမတွေကို မေတ္တာပို့သပေးနေတာကြောင့် ကုသိုလ်တွေ သံဃာတွေရဲ့မေတ္တာတွေအမြဲရနေမှာပါ ” ဆိုပြီး ပြောလိုက်တဲ့အချိန်မှာ ရင်ထဲမှာ ပျော်မပြတတ်အောင် ကြည်နူးရတယ်လို့လည်း ထက်ထက်က သူမရဲ့ပီတိတွေကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ် ။ ပရိသတ်တွေရဲ့ အားပေးမှုတွေကြောင့် အလုပ်တွေလုပ်ရင်း သဒ္ဒါပေါက်လို့ ဒါနမြှောက်ခဲ့တဲ့အကြောင်းကိုလည်း ကြည်နူးဖွယ်မျှဝေပေးခဲ့ပါတယ် ။
Source : Htet Htet Moe Oo
Emily (Cele Gabar)