လမ်းဘေးမှာ ပန်းရောင်းတဲ့ကလေးတွေခေါ်ပြီး တစ်နေ့တာပျော်ရွှင်စရာဖန်တီးပေးခဲ့တဲ့ နေမင်း

Posted on

ပရိသတ်တွေရဲ့အချစ်တော်နေမင်းတစ်ယောက် လမ်းဘေးမှာ ပန်းရောင်းနေကြတဲ့ကလေးတွေအတွက် သူထူးထူးခြားခြားလေးစဉ်းစားပြီး လုပ်ပေးဖြစ်ခဲ့တဲ့အလှူလေးတစ်ခုကို မျှဝေလာခဲ့ပါတယ်။ မနက်ဆိုကျောင်းတက်၊ ညဆိုပန်းရောင်းရင်း ဘဝကိုအဆင်ပြေသလိုဖြတ်သန်းနေရတဲ့သူတို့လေးတွေအတွက် ပျော်ရွှင်စရာတစ်ရက်တာဖန်တီးပေးဖို့ ရည်ရွယ်ခဲ့ပြီး ရည်ရွယ်ထားတဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

နေမင်းကတော့ ပန်းရောင်းတဲ့ကလေးတွေရဲ့ဘဝကို လေ့လာဖို့ ကိုယ်တိုင်အိမ်တိုင်ရာရောက်သွားရောက်ခဲ့ပြီး အဲ့လိုကိုယ်တွေ့သိမြင်လိုက်ရမှ သူထင်ထားတာထက်ပိုပြီးတော့ သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေ၊ သူတို့ရဲ့ရင်ထဲမှာရှိတဲ့မျှော်လင့်ချက်တွေ၊ သူတို့ဖြစ်ချင်တဲ့အိပ်မက်တွေ အဲ့ဒါတွေအားလုံးကို သိခွင့်ရခဲ့ပါတယ်တဲ့။ အဲ့ဒီကနေမှ သူတို့ရဲ့အားလပ်ရက်တစ်ရက်မှာ သူတို့သွားချင်တဲ့နေရာ၊ စားချင်တဲ့အစားအစာတွေနဲ့ သူတို့ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို တစ်ရက်လောက်ဖြည့်ဆည်းပေးချင်တဲ့စိတ်နဲ့ ဒီအလှူလေးကို ပြုလုပ်ခဲ့တာပါတဲ့ ပရိသတ်ကြီးရေ…

သူတို့တစ်ရက်တာပန်းရောင်းရမယ့်ငွေကို အိမ်ကိုပေးပြီး ကလေးတွေနဲ့အတူ ဘုရားသွားဖူး၊ ကစားကွင်းသွား၊ စားသောက်ဆိုင်ခေါ်ကျွေးပြီး ကလေးတွေအတွက် တစ်ရက်တာပျော်ရွှင်စရာအချိန်လေးကို ကိုယ်တိုင်ဖန်တီးပေးခဲ့ပါတယ်။ ပျော်ရွှင်နေတဲ့ကလေးတွေရဲ့ အပြုံးနဲ့ ကြည်နူးဖို့ကောင်းလွန်းတဲ့ နေမင်းရဲ့အလှူဗွီဒီယိုလေးကတော့ ကြည်ရှုသူတွေကို အပျော်တွေကူးစက်စေမှာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် ပရိသတ်ကြီးရေ…

Source – Nay Min
Rainbow- Cele Gabar