ပရိသတ်ရဲ့အချစ်တော်မောင်မောင်အေးကတော့ သူ့ရဲ့တနေ့တာအကြောင်းအရာတွေကို လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေလေ့ရှိသူပါ။ ဒီတစ်ခေါက်မှာလည်း တိုက်ကြီးမြို့ကို ရောက်နေတုန်း ရွှေပလ္လင်မိသားစုရဲ့ ကြက်သီးထစရာ အလှူတစ်ခုကို မျှဝေခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့နေရာတော်တော်များများမှာတော့ အခြေခံအဆောက်အဦးတွေဖြစ်တဲ့ အိမ်သာ လိုမျိုးအဆောက်အဦးတွေမှာ သန့်ရှင်းမှုအားနည်းတာကို ပရိသတ်တွေလည်း သိကြမှာပါ။ နိုင်ငံခြားသားဧည့်သည်တွေ အလာများတဲ့ အထင်ကရနေရာတွေမှာတောင် အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ အိမ်သာကို သေချာမစီမံထားတာ တွေ့မြင်ကြမှာပါ။ အခြေခံပညာကျောင်းအိမ်သာတွေမှာလည်း ထိုနည်းလည်းကောင်း မှောင်ကုပ်ကုပ်နဲ့ညစ်ပတ်တဲ့ကျောင်းအိမ်သာတွေကို မသွားချင်လောက်အောင် ဖြစ်ခဲ့ရတဲ့ ခံစားချက်တချို့ကိုတော့ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း ခံစားဖူးခဲ့ကြမှာပါနော်။
ဒီနေ့မှာတော့ ရွှေပလ္လင်မိသားစုရဲ့ တိုက်ကြီးမြို့နယ်၊ မြို့မအထက်တန်းကျောင်းမှာ ကျပ်သိန်း(၇၀၀) ကျော်အကုန်ကျခံ တည်ဆောက်ပေးထားတဲ့ ကျောင်းအိမ်သာအလှူကတော့ ပရိသတ်ကြီးကို ကြက်သီးထစေမှာပါ။ လူမြင်တဲ့နေရာတွေကို ဦးစားပေးမလှူဘဲ ကလေးတွေသန့်ရှင်းကျန်းမာပြီး အဆင့်အတန်းမှီမှီ အသုံးပြုနိုင်ဖို့ ကျောင်းအိမ်သာကို စနစ်တကျတည်ဆောက်ပေးထားတာပဲ ဖြစ်ပါတယ်။ မောင်မောင်အေးကတော့ သူကိုယ်တိုင်လည်း အခြေခံပညာကျောင်းတက်စဉ်က တစ်ခါမှ မမျှော်မှန်းဖူးခဲ့တဲ့ ဒီလိုအိမ်သာမျိုးကို လှူဒါန်းပေးခဲ့တဲ့ ရွှေပလ္လင်မိသားစုရဲ့ အလှူလေးကို ဝမ်းသာအားရမျှဝေခဲ့တာပဲ ဖြစ်ပါတယ်။
Source – Mg Mg Aye
Rainbow- Cele Gabar