လူမှုကွန်ရက်ပေါ်မှာ ထင်ပေါ်ကျော်ကြားလိုစိတ်ကြောင့် အမှုရင်ဆိုင်ခဲ့ရသူ

Posted on

ဟိုးအရင်တစ်ချိန်တုန်းက… သိန်းပေါင်းများစွာ အကုန်ကျခံပြီး ရိုက်ကူးထုတ်လုပ်ထားရတဲ့ ရုပ်ရှင်ဗွီဒီယိုခွေတွေ၊ သီချင်းခွေတွေ ရဲ့ထုတ်လုပ်သူတွေ အကြောက်ခဲ့ရဆုံးကိစ္စကတော့ ငွေကြေးကုန်ကျမများတဲ့ ခိုးကူးခွေတွေနဲ့ သူတို့အနုပညာကို အားပေးခြင်းပါ။ ယနေ့ခေတ် လူတိုင်းလက်ထဲ ဖုန်းတွေလွယ်ကူစွာကိုင်နိုင်နေတဲ့အချိန်မှာတော့ ခိုးကူးခွေကိစ္စတွေက ရေပန်းမစားတော့ဘဲ လူမှုကွန်ရက်ပေါ်မှာ ပေါ်ပေါ်ထင်ထင်ကို မျှဝေနေကြတာတွေ့ရမှာပါ။

မြန်မာရုပ်ရှင်ဗွီဒီယိုဇာတ်ကားတွေကိုတော့ Mahar, Cookie , Viu စတဲ့ Application တွေက ပြသခွင့်ဝယ်ယူကာ မျှဝေပေးထားတာမို့ ငွေကြေးအနည်းငယ်သာသုံးပြီး တရားဝင်ကြည့်ရှုနိုင်ပါတယ်.. ဒါပေမယ့် မကြာခဏဆိုသလို လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေကို ပြန်လည်ကူးယူမျှဝေနေသူတွေကို တွေ့ရမှာပါ။ ဒါတွေဟာ တရားမဝင်ကြောင်း၊ ဥပဒေနဲ့ အညီထောင်ချပစ်လို့ရကြောင်းကိုတော့ လတ်တလောအမှုရင်ဆိုင်နေရသူ မောင်အာကာထက်မိုးရဲ့ဖြစ်ရပ်က သက်သေပြခဲ့ပါတယ်။

သူကတော့ နာမည်ကြီးရုပ်ရှင်ဇာတ်ကား ” ရွှေကြာ” ကို မဟာ ရုပ်သံလိုင်းက ထုတ်ကာ တရားမဝင်မျှဝေခဲ့ပြီး သူများအကျိုးစီးပွားကို ပျက်စီးစေခဲ့တာကြောင့် ၆၆(ဂ)နဲ့ တရားရင်ဆိုင်နေရပါတယ်။ မိဘတွေလည်း စိတ်ဆင်းရဲခဲ့ရပြီး တရားလိုဘက်က သနားညှာတာစွာနဲ့ အမှုကို ပြန်ပိတ်ခဲ့တာကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလိုမျိုးတရားစွဲလို့ရတယ်ဆိုတာကို သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တရားဥပဒေက ညှာတာနေမှာမဟုတ်ကြောင်းနဲ့ သားငယ်လိုအမှားမျိုး ဘယ်သူမှ ထပ်မမှားရအောင် ဖခင်ဖြစ်သူဦးလွှမ်းမိုးကတော့ ဗွီဒီယိုလေးနဲ့ပြောကြားခဲ့ပါတယ်။

Rainbow- Cele Gabar