စင်ပေါ်မှာ မေမေနဲ့အတူ သီချင်းဆိုတုန်း ငိုမိခဲ့တဲ့အကြောင်းကို မျှဝေလာတဲ့ ခင်ရတနာစို

Posted on

ကိုဗစ်ကာလအတွင်းမှာ အခက်အခဲများစွာနဲ့ ပရိသတ်ရှေ့ကို Season-3 နဲ့အတူ ပြန်လည်ရောက်ရှိလာတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးကတော့ Blind Audition နှစ်ပတ်မြောက်အထိ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ ရွက်ပုန်းသီးဝါသနာရှင်တွေ များစွာပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဒုတိယအပတ်အတွက် ပရိသတ်အားပေးမှု အများဆုံးရရှိခဲ့သူကတော့ ဒိုက်ဦးသူလေး ခင်ရတနာစိုးပါ။

မြန်မာသံစဉ်တေးသီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့ “ငယ်ကျွမ်းဆွေ” သီချင်းနဲ့ ဒိုင်လေးယောက်စလုံးရဲ့ လှည့်ကြည့်ခြင်းကို ရရှိခဲ့တဲ့အပြင် ဘယ်ပြိုင်ပွဲမှ မရဖူးသေးတဲ့အခွင့်အရေးတစ်ခုအနေနဲ့ The Voice Myanmar စင်မြင့်ထက်မှာ မေမေနဲ့အတူတူ သီချင်းသီဆိုခွင့်ရခဲ့ပါတယ်။ ခင်ရတနာစိုးရဲ့မိခင်ဖြစ်သူကတော့ သမီးကို ငယ်စဉ်ကတည်းက မြန်မာသံစဉ်တွေကို ကိုယ်တိုင်သင်ကြားပေးခဲ့တဲ့အပြင် ကိုယ်တိုင်လည်း အဆိုပိုင်နိုင်သူတစ်ယောက်ပါ။ စင်ပေါ်မှာ သီချင်းဆိုနေတဲ့မေမေ့ကို ကြည့်ပြီး ခင်ရတနာစိုးကတော့ ဝမ်းနည်းမျက်ရည်ကျခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ရတနာစိုးကို မေးမြန်းခဲ့ရာမှာတော့ ” မေမေက အရင်တုန်းက ဆို၊က၊ရေး၊တီး ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုတွေ အများကြီးရခဲ့တယ်.. မေမေနဲ့ရွယ်တူတွေ မေမေနဲ့အတူ ပြိုင်ခဲ့တဲ့အစ်မတွေဆိုရင် သူတို့ကအရမ်းကို အောင်မြင်နေကြပြီ.. အရမ်းလည်းတော်ကြတယ်.. သူတို့က ပိုက်ဆံတတ်နိုင်တယ်.. ထောက်ပံ့မယ့်သူလည်း ရှိတယ်.. ဒါပေမယ့် သမီးတို့ကျတော့ အမေတစ်ခု သမီးတစ်ခုလည်း ဖြစ်တယ်.. ရုန်းကန်ရတာလည်း အရမ်းခက်ခဲခဲ့တော့ မေမေ့ကို အဲ့ဒီအချိန်မှာ သြော်… မေမေကျတော့ တော်ရဲ့သားနဲ့ မေမေ့မှာ ကိုယ်ပိုင်သံစဉ်တွေမရှိဘူးဆိုပြီး ဝမ်းနည်းသွားတာ.. အဲ့စိတ်လေးပါပဲ” ဆိုပြီး မေမေ့အတွက် ငိုမိကြောင်း ဖြေကြားထားတဲ့အင်တာဗျူးလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source – Exclusive on Cele Gabar
Rainbow- Cele Gabar