တစ်ကမ္ဘာလုံးသေဆုံးသူအများအပြားရှိနေတဲ့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် မြန်မာနိုင်ငံမှာလည်း သေဆုံးသူ(၇) ယောက်အထိရှိလာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက စနစ်တကျကိုင်တွယ်နိုင်ခဲ့တာကြောင့် ကိုဗစ်ပထမလှိုင်းမှာ ကူးစက်မှုအနည်းငယ်နဲ့ သေဆုံးသူ(၆) ယောက်သာရှိခဲ့ပြီး အခုဒုတိယလှိုင်းစတင်ချိန်မှာတော့ စိုးရိမ်စရာကောင်းလောက်အောင် ကူးစက်မှုများပြားလာရုံမက မနေ့ညကတော့ ပိုးတွေ့လူနာတစ်ယောက်ဆုံးပါးခဲ့ပြီ ဖြစ်ပါတယ်။
ဒီလူနာရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ဝေဠုကျော်ကတော့ သူသိထားတာလေးကို မျှဝေပေးခဲ့ပါတယ်။ “#Case (1023) သေဆုံး… ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် အရေပြားလေးဖက်နာရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case 1023) သည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် (၃-၉-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်တွင် သေဆုံးသွားပါသည်” ဆိုပြီး မျှဝေခဲ့ပါတယ်။
လူနာအမှတ်(၁၀၂၃) ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်မှာ နေထိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုခံယူနေသူပါ။ အသက်(၆၀) ကျော်အရွယ်လူကြီးတွေနဲ့ ရောဂါအခံရှိသူတွေကတော့ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးနိုင်ခြေမြင့်သူတွေဖြစ်ပြီး လူနာအမှတ်(၁၀၂၃) ကတော့ ရောဂါအခံကြောင့် အခုလို သေဆုံးခဲ့တာပါ။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ(၁၁၃၃) ဦးနဲ့ သေဆုံးသူ(၇) ဦးရှိနေပြီ ဖြစ်ပါတယ် ပရိသတ်ကြီးရေ…
Source – Wai Lu Kyaw
Rainbow- Cele Gabar