Rocker စစ်စစ် ကြီးက သီဆိုထားတဲ့ Rap တွေကိုကြားခွင့်ရတော့မယ့် လင်းလင်းရဲ့ ဒီမိုကရေစီ သီချင်းအသစ်

Posted on

အောက်တိုဘာ (၂) ရက်နေ့ မွေးနေ့ မှာ ပရိသတ်တွေအတွက် သီချင်းတစ်ပုဒ် ထုတ်လွှင့်ပေးမယ်လို့ လင်းလင်းက အသိပေးလာခဲ့ပါတယ် ။ လင်းလင်းကိုတော့ ဆယ်စုနှစ်တစ်စုရဲ့ ဟိုဘက် အတော်ကြာကြာကာလတစ်ခုမှာ မန္တလေးသား တေးရေးဆရာတစ်ဦးအဖြစ် စတင် သတိထားမိခဲ့ကြပြီး ဆန်းသစ်တဲ့အတွေးစိတ်ကူးတွေ၊ ထူးခြားပြောင်မြောက်တဲ့ စကားလုံးအသုံးအနှုန်းတွေရယ်က လင်းလင်း ဆိုတဲ့တေးရေးဆရာ တစ်ယောက်ကို ဂီတနယ်ပယ်မှာ ပိုပြီး သတိပြုမိခဲ့ကြတာပဲဖြစ်ပါတယ်။သူ့ရဲ့ သီချင်းစာသားတွေဟာ တစ်ခါတစ်ရံ ကဗျာ လိုလဲ ခံစားရပြီး ခေတ်တစ်ခေတ်ရဲ့ အမှန်တရားတွေလည်း ဖြစ်နေပြန်ပါတယ်။

 

“ငါတို့ စိတ်ထား အလှတရား”၊ “ကျွန်တော် မြန်မာ” အစရှိတဲ့တေးသီချင်းတွေဟာ သူ့ရဲ့ နိုင်ငံနဲ့ လူမျိုးအပေါ် ထားရှိတဲ့ သဘောထားကို ရင်ဘတ်ထဲအထိမြင်ယောင်နိုင်ပြီး နိုင်ငံရေးနောက်ခံ တေးသီချင်းတွေဟာ ပရိသတ်အားပေးမှုတခဲနက်ရရှိခဲ့တာပါ ။ လာမယ့် အောက်တိုဘာ ၂ ရက်မှာ မွေးနေ့ ရောက်ရှိတော့မယ့် လင်းလင်းဟာ မွေးနေ့အမှတ်တရ အထိမ်းအမှတ်အနေနဲ့ သူချစ်တဲ့ပရိသတ်တွေကို သီချင်းတစ်ပုဒ် ထုတ်လွှင့်ပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီသီချင်းဖြစ်တည်ဖို့အတွက် နှစ်လခွဲလောက် အချိန်ယူရေးသားခဲ့ရပြီး အောက်တိုဘာ ၂ ရက်၊ သောကြာနေ့မှာ ပရိသတ်တွေအတွက် Lyric Video တင်ဆက်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။


ဒီသီချင်းမှာ ရပ်(ပ်) သီဆိုရတဲ့ အပိုဒ်လည်း ပါဝင်ပြီး မူလက သူနှစ်သက်တဲ့ ရပ်ပါ လူငယ်အဆိုရှင်ကို သီဆိုဖို့ရည်ရွယ်ထားပေမယ့် ပရိသတ်တွေအတွက် ထူးထူးခြားခြားဖြစ်သွားအောင် သူကိုယ်တိုင်ပဲ ရပ်ပင်တွေပါရွတ်ဆိုထားတာကို နားဆင်ခံစားရမှာလည်း ဖြစ်ပါတယ်။ လင်းလင်းကို အားပေးတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးလည်း Rocker ကြီးသီဆိုမယ့် Rapping တွေကို နားဆင်ချင်နေကြပြီထင်ပါတယ်နော် ။

Source : Htwe Lynn Ko
Emily (Cele Gabar)