လွန်ခဲ့တဲ့ရက်ပိုင်းက တက္ကသိုလ်ဂွမ်းပုံရဲ့မိခင်ဖြစ်သူ ဆုံးပါးသွားခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးဖြစ်မှာပါ။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ဖို့ ကိုယ်တတ်ကျွမ်းတဲ့ဟာသပညာနဲ့ အမြဲဖျော်ဖြေပေးနေသူဂွမ်းပုံအတွက် ဒီကာလတွေကတော့ မရယ်နိုင်တဲ့ကာလတွေ ဖြစ်နေမှာအမှန်ပါပဲ။
သူကတော့ မိခင်အတွက်ရည်စူးပြီး ရန်ကုန်မှာလည်း အလှူအတန်းတွေလုပ်ပေးခဲ့တဲ့အပြင် မိခင်ဖြစ်သူရဲ့မွေးရပ်မြေရွာလေးမှာပါ တခုခုလုပ်ပေးနိုင်ဖို့ စီစဉ်ခဲ့ပါတယ်။ မိခင်ဖြစ်သူရဲ့ တစ်လပြည့်အမှီ ရွာဦးကျောင်းစေတီမှာ ရင်ပြင်ခင်းဖို့ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မှာတော့ ပြီးစီးသွားပြီဖြစ်တဲ့ ရင်ပြင်တော်အလှူလေးကို မျှဝေပေးခဲ့ပါတယ်။ လာမယ့် ဇွန်လ(၂၄) ရက်နေ့မှာတော့ မိခင်ရဲ့မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ပုန်းညက်ရွာလေးမှာ တစ်လပြည့်ဆွမ်းကျွေးဖို့နဲ့ ရင်ပြင်တော်အလှူလေးအတွက် တက္ကသိုလ်ဂွမ်းပုံကတော့ ရောက်ရှိနေပြီဖြစ်ပါတယ်။
တက္ကသိုလ်ဂွမ်းပုံကတော့ မိခင်ဖြစ်သူအတွက် ကောင်းမှုကုသိုလ်တွေလုပ်ပေးရင်း အကောင်းဆုံးနလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုရမှာပါ။ မေမေ့အတွက် ကုသိုလ်ကောင်းမှုတွေလုပ်ပေးရင်း သေသောသူကြာရင်မေ့ ဆိုသလို မိခင်ကိုသတိရစိတ်တွေ မြန်မြန်မေ့ဖျောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Source – Goon Sein
Rainbow- Cele Gabar