ကိုဗစ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် ဆေးဖြန်းခြင်းလုပ်ငန်းတွေမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တိုင်ရွန်

Posted on

ပရိသတ်အချစ်တော်မင်းသားချောတိုင်ရွန်ကတော့ လတ်တလော ရိုက်ကူးရေးတွေရပ်နားထားရချိန်မှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေးပရဟိတအလုပ်တွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။ မနေ့ကတော့ ပထမဆုံးရက်အနေနဲ့ အလှူရှင်တွေထည့်ဝင်ထားကြတဲ့ အလှူငွေသိန်းသုံးဆယ်၊ PPE Level 2, KN95 ,3D Mask နဲ့လက်သန့်ဆေးရည်၊ ပိုးသတ်ဆေးတို့ကို ရိုးမကိုဗစ်ကုသရေးစင်တာကို သွားရောက်လှူဒါန်းပေးခဲ့ပါတယ်။

ဒါ့အပြင် ညပိုင်းမှာတော့ ကိုဗစ်ရောဂါပြန့်ပွားမှုထိန်းချုပ်ရန်အတွက် ဆေးဖြန်းခြင်းလုပ်ငန်းဆောင်ရွက်ရာမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ပြီး မနေ့ညကတော့ ပထမဦးစားပေးအနေနဲ့ အလုံမြို့နယ်အတွင်းPositive ဖြစ်ပေါ်ထားတဲ့လမ်းများ၊တိုက်များကို အုပ်ချုပ်ရေးမှူးညွှန်ကြားမှုအတိုင်း ပိုးသတ်ဆေးဖြန်းပေးခဲ့ပါတယ်။ ဒါ့အပြင် နောက်ရက်များမှာလည်း ထပ်မံဆေးဖြန်းခြင်းလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ပြီး ဆေးဖြန်းဖို့ အကူညီတောင်းခံမှုများကိုလည်း လက်ခံကူညီပေးသွားမယ်လို့ သိရပါတယ်။

ဒါ့ပေမယ့် ဆေးဖြန်းဖို့အကူညီတောင်းခံရာမှာတော့ မိမိတို့မြို့နယ်၊ လမ်း/ရပ်ကွက်လူကြီးများရဲ့ ခွင့်ပြုချက်ရပြီးမှသာ လာရောက်ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း မျှဝေခဲ့ပါတယ်။ အခုလို ကိုဗစ်ကာလအခက်အခဲတွေကို စံပြအနုပညာရှင်တစ်ယောက်အနေနဲ့ တစ်တပ်တစ်အားပါဝင်ကူညီပေးနေတဲ့ တိုင်ရွန်ရဲ့ပုံရိပ်လေးတွေကို ဆယ်လီကမ္ဘာပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Source – Tyron Bejay
Rainbow- Cele Gabar