ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဆေးထိုးလိုက်တဲ့ ဦးဇေသီဟ

Posted on

နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်သူ ဦးဇေသီဟကတော့ လတ်တလော Stay Home ကာလကို မိတ်ဆွေအပေါင်းအသင်းတွေအတွက် ရယ်စရာဟာသပို့စ်လေးတွေတင်ပေးရင်း ဖြတ်သန်းနေသူပါ။ ယောက်ဖဖြစ်သူ စိန်ဖြိုးလှိုင်ကိုလည်း မကြာခဏဆိုသလို ဆေးထိုးလေ့ရှိသူဖြစ်ပြီး ဒီတစ်ခေါက်မှာလည်း စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက် ချစ်သူမဖြစ်ခင်တုန်းက အကြောင်းတွေကို အမှတ်တရအနေနဲ့ မျှဝေလာပါတယ်။

” စိန်ဖြိုးနဲ့ ကျွန်တော်စသိတာ သူ (၁၀) တန်းတောင်မအောင်သေးဘူး။ ယောက်ဖလောင်းလျာကို ဂိမ်းဆိုင်ခေါ် ဂိမ်းတွေဆော့ပေါ့။ အဲ့ဒီအချိန် သူက ရည်းစားတစ်ယောက်မှတောင် မရှိသေးဘူးလေ။ (၁၀)တန်းအောင်ပြီးတော့ ရည်းစားရတဲ့ အခါ တော်တော်များများက ကျွန်တော့ စနက်မကင်းဘူး။ သူက အစက တော်တော် ရိုးတာဗျ။ ရည်းစားသာထားတာ လက်တောင် မကိုင်ဖူးဘဲ ပြတ်သွားတာလည်း ရှိတယ်။ ပုခုံးလောက် မရဲတရဲ ဖက်ဖူးပြီး ပြတ်သွားတာလည်း ရှိဖူးတယ်။ ဒီစော်ကိုကြိုက်စမ်းပါ။ လိုက်စမ်းပါ။ ပြောရင်လည်း အူကြောင်ကြောင်လေးနဲ့ လိုက်တယ်။ ရည်းစားစကားပြောတယ်။ အဲ့လိုလူမျိုး။ အရူးကို ဝက်သားကျွေးသလိုပါပဲ။ ဝက်သား ကောင်းမှန်းလည်း မသိ။ စားဆိုလို့သာ စားနေရတဲ့ပုံစံ။ကိုယ်တွေကတော့ သူ့အမ မသိအောင် ဇာတ်လမ်း ဇာတ်ညွှန်းရော ဒါရိုက်တာပါလုပ်ရင်း မြှောက်ပေးနေရတာပေါ့။

နောက်တော့ ဆရာကျသွားတယ်လေ။ ကိုယ့်တောင် အသိမပေးဘဲ ရည်းစားရသွားတယ်။ မိတ်ဆက်ပေးတဲ့ ညက စကားကို မှတ်မိတယ်။ ရီရီပွင့်ဖြူ..ငါ့အကို သဘောမကျရင် နင့်ကိုငါဖြတ်မှာနော်တဲ့။ ပြီးတော့ စိန်ဖြိုးက ကျွန်တော့ကို မေးသေးတယ်။ ကိုဇေသဘောတူတယ်မဟုတ်လားတဲ့။ စိန်ဖြိုးကတော့ ဒီစကားတွေ မှတ်မိမယ် မထင်ဘူး။ ပါရမီလမ်းပေါ်မှာ မေးခဲ့တဲ့စကားတွေပေါ့။ COVID-19 ပြီးလို့ ညီအစ်ကိုတွေ ပြန်ဆုံရင် နှစ်ယောက်တည်း မေးချင်တယ်။ပုခုံးကိုင်တဲ့ အဆင့်က တက်ပြီလား။ သင်ပေးစရာလိုသေးလားလို့” ဆိုပြီး ရေးသားကာ ယောက်ဖဖြစ်သူကို ဆေးထိုးလိုက်ပါတယ်။

စိန်ဖြိုးလှိုင်ကတော့ နန္ဒာလှိုင်တို့မိသားစုနဲ့ပဲ အတူနေထိုင်သလို ဦးဇေသီဟကတော့ ယောက်ဖဖြစ်သူကို တော်တော်လေးချစ်တယ်လို့ ဆိုရမှာပါ။ လတ်တလော ဧရာဝတီစင်တာမှာ Quarantine ဝင်နေပြီး ယောက်ဖဖြစ်သူကိုတော့ “မဟုတ်မဟတ်တွေပြောပြန်ပြီ.. အိမ်ရောက်မှ အားဆေးနဲ့ဝမ်းနုတ်ဆေး လိမ်တိုက်ဦးမယ်” ဆိုပြီး ပြန်လည်မှတ်ချက်ပေးရေးသားခဲ့ပါတယ်။ စိန်ဖြိုးလှိုင်ကတော့ မကြာခင်ရက်ပိုင်းအတွင်းမှာ ရက်ပြည့်ပြီးအိမ်ပြန်ရတော့မို့ မိသားစုတွေအမြန်ပြန်လည်ဆုံဆည်းပြီး ပျော်ရွှင်စရာအချိန်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။


Source- Zay Thiha
Rainbow- Cele Gabar