ဘဝတူမိန်းမလျာတွေရဲ့ စားဝတ်နေရေးအတွက် ကူညီထောက်ပံ့ပေးခဲ့တဲ့ သုသု

Posted on

သုသုကတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီးမိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်သလို အခက်အခဲ၊ အတိုက်အခိုက်များတဲ့မိန်းမလျာဘဝကနေ ဒီလိုအခြေအနေရောက်အောင် ကြိုးစားခဲ့ရသူမို့ မိန်းမလျာတွေရဲ့ စံပြတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ဒီနေ့မှာတော့ လူနည်းစုဖြစ်တဲ့ဘဝတူမိန်းမလျာတွေအတွက် အားပေးစကားပြောရင်း သူတို့ရဲ့စားဝတ်နေရေးအတွက် တတ်နိုင်သမျှလှူဒါန်းပေးခဲ့ပါတယ်။

“ကျွန်မတို့မိန်းမလျာတွေဟာ လူရယ်လို့ဖြစ်လာကတည်းက ဘယ်သူ့မှ ဒုက္ခမပေးကြပါဘူး.. မိသားစုထဲမှာလည်း အနှိမ်ခံရဆုံး လူမှုအသိုင်းအဝိုင်းမှာလည်း လှောင်ပြောင်ခံရပါတယ်.. ဒါပေမယ့် အဲ့မိန်းမလျာတွေကပဲ သမာဇီဝအလုပ်တွေနဲ့ မိသားစု ညီအစ်ကိုမောင်နှမ မိတ်ဆွေတွေကို စောင့်ရှောက်ကြတာပါ.. ဘယ်လို နှိမ်နှိမ် ဖိနှိပ်လည်း မိသားစုအတွက်ဆို အချိန်တန်ရင် ကျွန်မတို့က သူရဲကောင်းတွေပါပဲ.. မာမီစိန် ပြောဖူးတဲ့ စကားရှိပါတယ်.. ထမင်းငတ်သေတဲ့ မိန်းမလျာမရှိပါဘူး.. အားတင်းထားကြပါ.. ကြံ့ကြံ့ခံပေးကြပါ.. မကြာခင် လှပတဲ့လောကကြီးကို ကျွန်မတို့ရဲ့အတတ်ပညာတွေနဲ့ အလှဆင်ကြမယ်နော်” ဆိုပြီး ဘဝတူမိန်းမလျာတွေအတွက် အားပေးစကားပြောခဲ့ပါတယ်။

ဒါ့အပြင် အလှူလေးအနေနဲ့ ဆန်(၁၂) ပြည်အိတ် အိတ်(၂၀) ကိုဘဝတူ မိန်းမလျာဖန်တီးရှင်တွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ သုသုကတော့ မကြာသေးခင်ကမှ We Love Yangon ပရဟိတအဖွဲ့ရဲ့ ထပ်မံတိုးချဲ့မယ့် Quarantine Center မှာ ကုတင်ဆယ်လုံးစာ လှူဒါန်းပေးခဲ့ပြီး ဒီနေ့မိန်းမလျာတွေအတွက် လှူဒါန်းပေးမှုမှာလည်း ဒီထက်မက ပိုလှူပေးချင်ပေမယ့် အခုလိုကာလမှာ ဝင်ငွေလည်း မရှိတာကြောင့် နည်းနည်းပဲလှူနိုင်တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်မိကြောင်း ရေးသားရင်း သူ့ရဲ့အလှူလေးကို မျှဝေပေးခဲ့တာပါ။


Source – Nyi NYi Maung
Rainbow- Cele Gabar